နာမည်ကြီး ကိုရီးယားရုပ်သံဌာနတစ်ခုဖြစ်တဲ့ tvN ရဲ့ Mars People XFile ဆိုတဲ့ အစီအစဉ်ကနေ ပြီးခဲ့တဲ့ရက်ပိုင်းလောက်တုန်းက Han Mirim လို့အမည်ရတဲ့ ကိုရီးယားအမျိုးသမီးတစ်ယောက်အကြောင်းကို ရိုက်ကူးတင်ဆက်ပြသွားခဲ့ပါတယ်။ အဲဒီအမျိုးသမီးကတော့ သူမရဲ့ ချစ်သူရည်းစားတွေကနေ ရရှိခဲ့တဲ့ လက်ဆောင်ပစ္စည်းတွေကို စုဆောင်းသိမ်းဆည်းရတာ ဝါဿနာပါသူတစ်ယောက် ဖြစ်ပါတယ်။သူမဟာ ၂ နှစ်ကျော်အတွင်းမှာ ရည်းစားအယောက် ၂၀၀ နီးပါးနဲ့ ဒိတ်လုပ်ခဲ့ဖူး၊ လမ်းခွဲခဲ့ဖူးသူတစ်ယောက်ဖြစ်ကာ ထားရှိခဲ့ဖုူးတဲ့ ရည်းစားတွေနဲ့ လမ်းခွဲခဲ့ရခြင်းအကြောင်းအရင်းတွေ အများစုကတော့ ကားပိုင်မရှိတာ (ဒါမှမဟုတ်) ဒိတ်တဲ့အခါတိုင်း သူမဘက်က ပိုက်ဆံမထုတ်တာနဲ့ ပတ်သတ်ပြီး ပြဿနာတတ်ခဲ့တာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ရည်းစားဟောင်းတွေဆီကနေ လက်ဆောင်ရရှိခဲ့တဲ့ ပစ္စည်းတွေကတော့ ကင်မရာတွေ၊ လက်စွပ်တွေ၊ လက်ကောက်တွေ၊ နာရီတွေ၊ နားကပ်တွေ၊ iPad တွေဖြစ်တဲ့အပြင် အဝတ်အစားတွေလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။ ရိုက်ကူးရေးပြုလုပ်တဲ့အချိန်တုန်းက သူမဝတ်ဆင်ထားခဲ့တဲ့ဝတ်စုံဟာဆိုရင် သူမရဲ့ ရည်းစားဟောင်းတစ်ယောက်ပေးထားတဲ့ လက်ဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။ ရည်းစားတွေပေးခဲ့တဲ့ လက်ဆောင်တွေများစွာထဲကမှ သူမ လက်မခံခဲ့တဲ့ ပစ္စည်းကတော့ စုံတွဲလက်စွပ်ဖြစ်ပြီး လက်မခံရတဲ့အကြောင်းအရင်းကတော့ သူမအနေနဲ့ သူတို့ကို အချိန်အကြာကြီးဒိတ်လုပ်ဖို့ မရည်ရွယ်ထားတာကြောင့် ဖြစ်ပါတယ်။ သူမ ထားရှိခဲ့တဲ့ ရည်းစားတွေထဲက တချို့တွေကိုဆိုရင် တစ်ရက်ပဲ ဒိတ်လုပ်ခဲ့ဖူုးတယ်လို့လည်း ပြောပြခဲ့ပါတယ်။
Mirim အနေနဲ့ ရည်းစားဟောင်းတွေဆီကနေ ရရှိခဲ့တဲ့ လက်ဆောင်ပစ္စည်းတွေရဲ့ တန်ဖိုးပမာဏပေါင်းဟာ အမေရိကန်ဒေါ်လာ ၈၃၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ လက်ရှိတွဲနေတဲ့ ရည်းစားတစ်ယောက်နဲ့ သွားရောက်ဒိတ်လုပ်ခဲ့ပြီး သူမရဲ့ ဒိတ်လုပ်တဲ့ပုံစံကိုလည်း ရိုက်ကူးပြခဲ့ပါတယ်။ သူမဟာ ဒိတ်လုပ်ဖို့သွားတဲ့အခါမှာ သူမရဲ့ ဖုန်းဘေလ်ကို ရည်းစားဖြစ်သူကို ရှင်းခိုင်းမယ်လို့လည်း ဆိုခဲ့ပါတယ်။တကယ်တမ်း ဒိတ်လုပ်တဲ့အချိန်မှာ ရည်းစားဖြစ်သူကို သူမရဲ့ ဒီတစ်လတာဖုန်းဘေလ်ဟာ အရမ်းကိုများတဲ့အကြောင်းပြောပြခဲ့ရာ ရည်းစားဖြစ်သူကလည်း ချက်ချင်းပဲ သူရှင်းပေးမယ်လို့ ပြောလိုက်ပါတော့တယ်။ သူမရဲ့ ဖုန်းဘေလ်ကတော့ ဝမ် ၁ သိန်းကျသင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ညစာစားသောက်ပြီးရာမှာတော့ ထိုရည်းစားဖြစ်သူက သူ့အနေနဲ့ ဖုန်းဘေလ်ပေးထားတာကြောင့် သူမကို ညစာအတွက် ကုန်ကျစရိတ်ကို ရှင်းခိုင်းခဲ့ပါတယ်။
သူမက မရှင်းချင်တာကြောင့် အမျိုးမျိုးလှည့်ပြောခဲ့ပေမယ့်လည်း အဆုံးသတ်မှာတော့ သူမကပဲ ပိုက်ဆံရှင်းလိုက်ရကာ ဒိတ်လုပ်တာကို အဆုံးသတ်ခဲ့ပါတော့တယ်။ ဒီလိုမျိုး သူမရဲ့ ဒိတ်တင်းနဲ့ပတ်သတ်တာကို တီဗွီမှာ ပြန်လွှင့်ပြီးတဲ့အခါမှာတော့ သူမအနေနဲ့ ဝေဖန်မှုတွေများစွာကို ရရှိခဲ့ပြီး အများစုကတော့ မကောင်းတဲ့ဝေဖန်ချက်တွေ ဖြစ်ပါတယ်။အဲဒီနောက်မှာတော့ သူမက အဆိုပါရိုက်ကူးရေးဟာ ဇာတ်ညွှန်းအတိုင်းလုပ်ရတာဖြစ်ကြောင်း၊ သူမအနေနဲ့ ရည်းစားအယောက် ၃၀ လောက်ပဲထားခဲ့ဖူုးပေမယ့် ရိုက်ကူးရေးဝန်ထမ်းတွေက အရေအတွက်ကို ပိုပြီးတိုးစေချင်တာကြောင့် သူမအနေနဲ့ တိုးပြီးပြောခဲ့ရတာဖြစ်ကြောင်း၊ ရိုက်ကူးရေးထဲမှာပါဝင်တဲ့ သူမရဲ့ ရည်းစားဆိုသူကလည်း တကယ်တမ်းမှာတော့ ရိူက်ကူးရေးဝန်ထမ်းတွေ ကြိုတင်စီစဉ်ပေးထားတဲ့သူသာ ဖြစ်ကြောင်းကို ရှင်းခဲ့ပါတယ်။ဒါပေမယ့်လည်း tvN ရဲ့ ပြန်လည်တုံ့ပြန်ချက်မှာတော့ သူမ ထားရှိခဲ့တဲ့ ရည်းစားအရေအတွက်ဟာ ပရိုဂျူဆာတွေ ထပ်တိုးခိုင်းတာမဟုတ်ကြောင်းကို ဖြေရှင်းခဲ့ပါတယ်။