စစ်ဘက်ခေါင်းဆောင်ကြီးများကို မြေအောက်လှိုဏ်ဂူသို့ ပို့ဆောင်ရသည်အထိ အမေရိကန်ရဲ့ ကိုရိုနာဗိုင်းရက်စ်ရောဂါအခြေအနေ

 အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြင်းထန်လာသောကြောင့် ပင်တဂွန်စစ်ဌာနချုပ်က အရေးကြီးသည့် ခေါင်းဆောင်များကို လျှို့ဝှက် မြေအောက်လှိုဏ်ဂူသို့ ပို့ဆောင်ကာ ရောဂါအန္တရာယ်မှ တိမ်းရှောင်ထားစေကြောင်း ရုရှားသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။အဆိုပါလှိုဏ်ဂူ၏ တည်နေရာမှာ ကော်လိုရာဒိုပြည်နယ်၊ အယ်လ်ပါဆိုခရိုင်တွင် တည်ရှိသော ရှန်ယန် တောင်တန်းအောက်တွင် တည်ရှိကာ စစ်သည်များ ထူထပ်စွာ လုံခြုံရေးချထားသော နေရာဖြစ်သည်။US Northern Commend သည် Covid-19 ကမ္ဘာ့ကပ်ရောဂါကြီးမှ ရှောင်ရှားရန်အတွက် မရှိမဖြစ် အရေးကြီးသူများကို မြေအောက် နက်ရှိုင်းသည့် နေရာသို့ ပို့ဆောင်ထားလိုက်ခြင်းဖြစ်သည်။
 US Northern Commend (NORTHCOM) ကို လေတပ်ဗိုလ်ချုပ်ကြီး တဲရန့်စ် အို-ရွှန်းနက်ဆီ (Terrence O’Shaughnessy) နှင့်အတူ မြောက်အမေရိက လေကြောင်းကာကွယ်ရေးဌာန (NORAD) တို့မှ ပူးတွဲကွပ်ကဲခြင်း ဖြစ်သည်။NAADC သည် အမေရိကန်နှင့် ကနေဒါနိုင်ငံတို့ ပူးပေါင်းထားသည့်အဖွဲ့ဖြစ်ပြီး မြောက်အမေရိကတိုက်ကြီးကို ဒုံးကျည်များနှင့် လေကြောင်းရန်တို့ ဝင်ရောက်မှု စောင့်ကြည့်သည့်အဖွဲ့ဖြစ်သည်။ ယခု သီတင်းပတ်အစောပိုင်းတွင် အို-ရွှန်းနက်ဆီက သတင်းထောက်များကို ဖေ့စ်ဘုတ်မှတဆင့် ပြောကြားခဲ့ရာတွင် ၎င်း၏ စောင့်ကြည့်ရေးအဖွဲ့သည် ပုံမှန်ကွပ်ကဲရေးဌာနဖြစ်သော ကော်လိုရာဒိုပြည်နယ်၊ ပီတာဆန် လေတပ်အခြေစိုက်စခန်းမှ မြေအောက်ခံတပ်စခန်းများသို့ ရွှေ့ပြောင်းမည်ဖြစ်ကြေင်း ထုတ်ပြန်ပြောကြားထားသည်။
 အဆိုပါမြေအောက်စခန်းများအနက် တစ်ခုမှာ ရှန်ယန်တောင်တန်းကြီး၏ နှမ်းဖတ်ကျောက်လွှာများအောက် ၆၁၀ မီတာ (ပေ ၂၀၀၀) အနက်တွင်တည်ရှိသည့် မြေအောက်ဥမင်လှိုဏ်ခေါင်းများ ဖြစ်သည်။ အဆိုပါလှိုဏ်ခေါင်းများကို မီဂါတန် ၃၀ ပေါက်ကွဲအားရှိသော အနုမြူဗုံးဒဏ်ခံနိုင်စွမ်းရှိသည့် တံခါးကြီးများဖြင့် ပိတ်ကာထားသည်။“NORAD နဲ့ NORTHCOM တို့မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ပညာရှင်တွေဟာ သူတို့ရဲ့နေအိမ်တွေကို ကျောခိုင်း၊ မိသားစုဝင်တွေကို နှုတ်ဆက်ခဲ့ပြီး လူတိုင်းနဲ့ အဆက်ဖြတ်နေထိုင်ကာ ကျွန်တော်တို့ရဲ့ အမိမြေကို ကာကွယ်ဖို့ နေ့တိုင်းစောင့်ကြည့်သွားကြမှာ ဖြစ်ပါတယ်” ဟု အို-ရွှန်းနက်ဆီက ပြောကြားသည်။ မြေအောက်ဥမင်များသို့ သွားရောက်သည့်ပညာရှင်များသည် မြေအောက်တွင် အခြားစစ်သည်များနှင့်အတူ ပူးပေါင်းတာဝန်ထမ်းဆောင် ရမည်ဖြစ်ကြောင်း၊ မည်သူများကို စေလွှတ်သွားမည်ဟူသည်ကိုမူ ထုတ်ဖော်ပြောကြားခွင့်မရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။ထို့အပြင် အခြားအဖွဲ့တစ်ဖွဲ့ကိုလည်း အခြားတစ်နေရာသို့ စေလွှတ်ထားပြီး နေရာကိုမူ ထုတ်ဖော်ပြောကြားခြင်းမပြုနိုင်ကြောင်း အို-ရွှန်းနက်ဆီက ဖြည့်စွက်ပြောကြားသည်။ ရှန်ယန်တောင်တန်းရှိ မြေအောက်ဥမင်ကြီးများမှာ ကမ္ဘာဖျက်စစ်ပွဲကြီးများ ပေါ်ပေါက်လာလျှင် အသုံးပြုရန် အမေရိကန်အစိုးရက စီစဉ်ထားသည့်နေရာလည်း ဖြစ်သည်။.
အမေရိကန်ပြည်ထောင်စုအတွက် ကြီးမားသည့်ခြိမ်းခြောက်မှုကြီး ပေါ်ပေါက်လာပါက (ဥပမာ- အနုမြူလက်နက်ဖြင့် တိုက်ခိုက်ခံရခြင်း) သမ္မတနှင့် သူ၏အရာရှိများ၊ နိုင်ငံရေး၊ စစ်ဘက်နှင့် အရပ်ဘက်ခေါင်းဆောင်များကို မြေအောက်အလွန်နက်ရှိုင်းသည့်နေရာတွင် တည်ရှိသော လုံခြုံသည့်နေရာများသို့ ချက်ချင်းရွှေ့ပြောင်းပေးမည် ဖြစ်သည်။ယင်းသို့သော မြေအောက်နေရာများအနက် အချို့မှာ ရှန်ယန် တောင်တန်းအောက်မှ ယခုနေရာ၊ အိမ်ဖြူတော်အောက်တွင် တည်ရှိသော သမ္မတ၏ အရေးပေါ်စစ်ဆင်ရေးစင်တာ၊ ပန်ဆယ်ဗေးနီးယားပြည်နယ် Raven Rock တောင်တန်းအောက်ရှိ ဥမင်နှင့် ပန်ဆယ်ဗေးနီးယားပြည်နယ်တွင်ပင် တည်ရှိသော Mount Weather Emergency Operations Center တို့ ဖြစ်သည်။ယခုဖြစ်ပေါ်နေသော Covid-19 အကျပ်အတည်းသည် ဝါရှင်တန်မှ ခေါင်းဆောင်များကို အလုံးအရင်းရွှေ့ပြောင်းထားရန် မလိုအပ်သေး သော်လည်း စစ်ဘက်ခေါင်းဆောင်များကမူ အသင့်အနေအထားရှိရန် ကြိုတင်စီမံထားခြင်း ဖြစ်သည်။