” ပြောချင်သလိုပြော ဘယ်သူတွေ ဘယ်လိုပြောပြောမေတ္တာမပျက်နှင့် ”




” ပြောချင်သလိုပြော ဘယ်သူတွေ ဘယ်လိုပြောပြောမေတ္တာမပျက်နှင့် ”

လောကအလယ် အသက်ရှင်နေသူတွေအတွက်တော့ နေ့စဉ်နဲ့အမျှ တစ်ယောက်နဲ့ တစ်ယောက်ပြောကြ၊ဆိုကြရတာပါ။

တစ်ခါတရံ ပြောသူက ပြောပြီးရင် ပြီးရောဖြစ်သွားပေမယ့်၊ခံရတဲ့သူဖက်က စိတ်မသက်မသာ ဖြစ်ကြရပါတယ်၊ တခါတရံ ကိုယ်ကဒီအတိုင်း အေးအေးဆေးဆေးနေပေမယ့်၊ မျက်စိစုံမှိတ် အထင်လွဲပြီး တုန့်ပြန်မှုမျိုးစုံကိုပေးတတ်ပြန်ပါတယ်။

“ကကစူပမသုတ်”မှာ ဘုရားရှင် ဟောပြတော်မူတာကတော့

တချို့က စကားပြောတဲ့အခါ ပြောသင့်တဲ့အချိန်မှန်းမသိ၊ မပြောသင့်တဲ့အချိန်မှန်းမသိ ပြောကြလိမ့်မယ်၊လူတချို့က မှန်တာရော၊မမှန်တာရော ပြောကြလိမ့်မယ်(သူတို့ခံစားရတဲ့အတိုင်း သူတို့အထင်အမြင်အတိုင်းပေါ့။)

လူတချို့က လူများနားဝင်မချိုအောင် ခပ်ကြမ်းကြမ်း၊ တချို့ကြတော့လဲ သိမ်သိမ်မွေ့မွေ့ ပြောကြဆိုကြလိမ့်မယ်။ (လိုရင်တမျိုး၊မလိုရင်တမျိုး)

လူတချို့က အကျိုးသင့်အကြောင်းသင့် ပြောကြသလို၊ တချို့က ကျိုးကြောင်းမဲ့ ပြောကြလိမ့်မယ်။လူတချို့က မေတ္တာစိတ်နဲ့ပြောပေမယ့် တချို့ကတော့ မလိုမုန်းတီးတဲ့စိတ်တွေ အောင်မြင်နေတာကို မုဒိတာ မပွားနိုင်တဲ့စိတ်တွေနဲ့ ပြောကြလိမ့်မယ်..တဲ့။

ပတ်ဝန်းကျင် မိတ်ဆွေ အပေါင်းအသင်းတွေဟာဒီ ငါးမျိုး ထဲက တစ်ခုခုနဲ့ စကားပြောလာတဲ့အခါ ကိုယ့်ဖက်က သူတို့ကောင်းတာပြောလို့ ချိုချိုသာသာပြောလို့လဲ စိတ်ကတမျိုးမဖြစ်ပါနဲ့။

ကိုယ့်ကို မလိုတမာ မုန်းတီးပြောဆို(အတင်းတုတ်) နေလို့လည်း စိတ်ကို ဘာမှမဖြစ်စေပါနဲ့။ သူတို့ဘာပြောပြော ၊ကိုယ့်ဖက်က အဆင့်အတန်းမရှိတဲ့ စကားကိုလည်း မပြောမိစေနဲ့။ (သူတို့အမှားကို ကိုယ့်အမှားမဖြစ်စေနဲ့)ပြောချင်သလိုသာ ပြောကြပါတော့။

ကိုယ်ကတော့ မေတ္တာမပျက်နေနိုင်ရမယ်။ အဲဒီပြောတဲ့သူတွေကို မေတ္တာပို့ပေးပါ။ရန်လိုမှု ၊မုန်းတီးမှု ၊မကျေနပ်မှု ၊မနာလိုမှုကင်းတဲ့ မေတ္တာစိတ်တွေကို သတ္တဝါအားလုံးပေါ်မှာ ဖြစ်နေစေရမယ်တဲ့။

ဒါကတော့ ဘုရားရှင်လမ်းညွှန်ပြတဲ့ တရားတော်ပါ၊ လူဆိုတာ ခံစားချက်ရယ် တကိုယ်တော်အတွေးရယ်ပေါ်မှာ မူတည်ပြီး မှားတာ၊မှန်တာ မခွဲခြားနိုင်ဘဲ ၊လိုရင် လိုသလို ၊မလိုရင် မလိုသလို ပြောတတ် ၊ ဆိုတတ်ကြပါတယ်။

ဒါကိုသိတော်မူတဲ့ ဘုရားရှင်က သူတို့ဘာတွေပြောပြော ဘယ်လိုတွေအထင်လွဲလွဲ ၊သင့်ဖက်က စပြီး မကျေမနပ်မဖြစ်လိုက်ပါနဲ့ လို့ ဟောတော်မူတာပါ။

အပေါ်ယံဟန်ရေးပြ ၊ပြောတာ နဲ့ လုပ်တာ တခြားစီဖြစ်တတ်တဲ့လောက(တချို့က အုံ့ပုန်း၊တချို့က ပွင့်ပွင့်လင်းလင်း အတွင်းညစ်ပတ် အပြင်ညစ်ပတ် ဖြစ်နေတဲ့လောကမှာ သင်တို့ဖက်က စပြီး ဒေါသ အာဃာတမဖြစ်ပါစေနဲ့ လို့လည်း မိန့်တော်မူ လိုတာဖြစ်ပါတယ်။

ကိုယ့်ပေါ်ကို မကျေနပ်သူ ၊အထင်အမြင်လွဲသူ ၊သဘောထားကွဲလွဲသူတွေကို ဗဟိုပြုပြီး မေတ္တာစိတ်တွေများများ ပို့လွှတ်ပေးနိုင်ရင် ကိုယ်ဟာ လောကမှာနေပျော်သူဖြစ်နေမှာပါ။

ကောင်းကင်ပေါ်ကို မော့ပြီး တံတွေးထွေးသူဟာ သူ့အပေါ်ကို ပြန်ပြီး တံတွေးတွေ ပြန်ယူရသလိုပါ၊ မကျေမနပ်ဖြစ်ချိန်မှာရော၊မကျေနပ်တဲ့အတွက်ကြောင့် စောင်းကာ မြောင်းကာ ပြုမူပြောဆိုချိန်မှာရော၊ အကုသိုလ်တွေ တပုံတပင်ဖြစ်ရသလို သူကိုယ်တိုင်လဲ စိတ်ဆင်းရဲ ၊ကိုယ်ဆင်းရဲဖြစ်ရမှာ သေချာလှပါတယ်။

သူတို့ပေးတဲ့ ဒေါသ မကျေနပ်ချက်တွေကို ကိုယ်က မခံယူရင် ဘာမှမဖြစ်ပါဘူး။

ခံယူမိလို့သာ ကိုယ့်စိတ်က မကျေမနပ်ပြန်ဖြစ်မိတာပါ၊

ဘုရားရှင်ကိုတောင်မှ တိတ္ထိတွေက

“ဘုရားရှင်က တရားဟောတဲ့အခါ မျက်နှာလိုက်ပြီးဟောတယ်၊ သူ့တပည့်တွေကိုတော့ အများကြီးဟောပြီး သူတို့ကိုတော့ နည်းနည်းပဲ ဟောတယ်”လို့ပြောဆိုစွပ်စွဲခံရဖူးပါတယ်။ အလှမာန်ရစ်နေတဲ့ မာဂဏ္ဍိဆိုတဲ့ အမျိုးသမီးကို.. “နင်လို မစင်တွေနဲ့ပြည့်နေတဲ့ အပုပ်ကောင်ကို ခြေဖျားနဲ့တောင် မထိချင်ဘူး” လို့ပြောခံလိုက်ရတော့ ဘုရားရှင်အပေါ်မှာငြိုးမာန်ဖွဲ့ရက်စက် တုန့်ပြန်ခဲ့ဖူးတယ်။

တကယ်တော့ စိတ်အရည်အသွေးပြည့်ဝသူ၊စိတ်သဘောထားကြီးမြတ်သူ ဆိုတာ ကောင်းတာဖြစ်စေ၊ဆိုးတာဖြစ်စေ၊မတုန်မလှုပ်ရှိနိုင်ရမှာပါ။ ဘယ်လိုပဲကြုံကြုံ၊ဘာတွေပဲပြောပြော၊ ပြောသူအပေါ်မှာ မေတ္တာမပျက်အောင် နေနိုင်ပြီဆိုရင် ဘဝဟာနေပျော်စရာ ကျေနပ်စရာတွေဖြစ်နေပါလိမ့်မယ်။ တဆင့်တက်ပြီး သာသနာနဲ့ကြုံတုန်း အကောင်းဆုံးတွေများများယူပြီး၊လက်ကျန်အချိန်တွေမှာ သမိုင်းကောင်းလေးတွေ ချန်ထားရစ်နိုင်အောင် ကြိုးစားနေရအုံးမှာပါ။

အရှင်တိက္ခဉာဏာလင်္ကာရ – ယောနွယ်

Credit. …မူရင်း